ဦးကျော်ဂေါင်

ဘုရားကြီး ဒကာ ဦးကျော်ဂေါင် (၁၈၆၆ - ၁၉၃၅)

ဦးကျော်ဂေါင် သည် ဤ မြန်မာကျောင်း တော်ကြီးတွင် ထင်ရှားစွာ ကိုးကွယ်ထားသော ကျောက်ဆင်းတု ဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီး၏ ဘုရားဒကာ ဖြစ်ပါသည်။

ဦးကျော်ဂေါင် ကို ၁၈၆၆ ခုနှစ် ၌ မန္တလေးမြို့ တွင် မွေးဖွား ခဲ့ပါသည်။ စင်္ကာပူ သို့ ငယ်စဉ်ကပင် ရောက်ရှိခဲ့ပြီး မြန်မာ့ ဆေးပညာ ဖြင့် အသက်မွေး ဝမ်းကျောင်းပြု နေထိုင် ခဲ့ပါသည်။ မြန်မာ အမျိုးသမီး မြိတ်သူ ဒေါ်ခင်မဲ နှင့် အကြောင်းပါပြီး သားသမီး ၃ ယောက် ထွန်းကားခဲ့ ပါသည်။ ၎င်းတို့မှာ ဦးဘသိန်း၊ ဒေါ်မြရင် နှင့် ဒေါ်မြစန်း တို့ ဖြစ်ကြ ပါသည်။

ဦးကျော်ဂေါင် သည် ထေရဝါဒ ဗုဒ္ဓ သာသနာ ထွန်းကား လွှမ်းမိုး ရာ အရပ်မှ လာသည့် အားလျှော်စွာ၊ စင်္ကာပူ တွင်လည်း ထေရဝါဒ ဗုဒ္ဓ သာသနာ ပြန့်ပွား ရှင်သန် စေလိုသော ဆန္ဒ ကြီးမားစွာ ဖြင့် သာသနာ ရေး ကိစ္စများ ဆောင်ရွက် နေစဉ်၊ ၁၉၀၇ ခုနှစ်၌ ၎င်းအား စင်္ကာပူ ရှိ ဗုဒ္ဓဘာသာ မြန်မာ ကျောင်းကို ထိန်းသိမ်း စောင့်ရှောက် ရန် ဂေါပက လူကြီး အဖြစ် ရွေးကောက် တင်မြှောတ် ခဲ့ကြ ပါသည်။ အဆိုပါ မြန်မာ ကျောင်း မှာ ၁၈၇၅ ခုနှစ် ကတည်းက ဦးသာနှင်း ဦးဆောင်သော ဗုဒ္ဓဘာသာ ဝင်များက တည်ထောင် ထားခဲ့ခြင်း ဖြစ်ပါသည်။ ဦးကျော်ဂေါင် သည် ဂေါပက တာဝန်များ ကို ထမ်းဆောင် နေစဉ်အတွင်း ခန့်ညား ကြည်ညို ဖွယ်ရှိသော ဗုဒ္ဓ ဆင်းတု တော်ကြီး တစ်ဆူ စင်္ကာပူ သို့ ကြွရောက် လာကြောင်း မကြာ ခဏ အိပ်မက် မြင်မက် နေခဲ့ ပါသည်။ သို့ပါ၍ ၎င်းကိုယ်တိုင် ဆေးကု ရှာဖွေ ထားသော ချွေးနဲစာ များကို မတည်လျှက် မိတ်ဆွေ ဗုဒ္ဓဘာသာ ဝင်များ ၏အလှူငွေ များကိုပါ ဖြည့်စွက်ပြီး ဆင်းတုတော် ရှာပုံတော် ဖွင့်ခဲ့ ပါသည်။

မြန်မာပြည် သို့ အခေါက်ခေါက် သွားရောက်ခဲ့ ပြီးနောက် မန္တလေး မြောက်ဖက် ကီလိုမီတာ ၅၀ ခန့်အကွာ တွင်ရှိသော စကျင်တောင် ၌ အလေးချိန် ၁၀ တန်ထက် ပိုမိုသော ကျောက်ဖြူတုံးကြီး တစ်တုံး ကို တွေ့ရှိ ဝယ်ယူ နှိုင်ခဲ့ ပါသည်။ ယင်း ကျောက်ဖြူတုံးကြီး ကို ထင်ရှားသော ကျောက်ဆစ် ပညာရှင် များရှိရာ မန္တလေးမြို့ သို့ သယ်ယူပြီး ဗုဒ္ဓ ရုပ်ပွားတော် ထုလုပ်စေ ခဲ့ရာ ၁၉၁၈ ခုနှစ် တွင် ဉဏ်တော် ၁၁ ပေ ခန့်ရှိ သပ်ပယ် လှစွာ သော ရုပ်ပွားတော် မြတ် ကို ရရှိခဲ့ ပါသည်။

ယင်း ရုပ်ပွားတော် မြတ် ကြီးအား မန္တလေး မှ ရန်ကုန် သို့၊ ရန်ကုန် မှ စင်္ကာပူ သို့ စုစုပေါင်း ကီလိုမီတာ ၂၅၀ဝ ခန့် ခရီးကို သယ်ယူ ပို့ဆောင်ရေး ယဉ်များ၊ ဝန်ချီစက် ကြီးများ မရှိသေးသော ထိုခေတ် ကာလ အခြေ အနေ တွင် အခက် အခဲ ပေါင်း များစွာဖြင့် ကုန်းတတန် ရေတတန် သယ်ယူ လာခဲ့ရာ ၁၉၂၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ တွင် စင်္ကာပူ သို့ အပွန်း အပဲ့ တစုံတရာ မရှိဘဲ ချောမောစွာ ရောက်ရှိခဲ့ ပါသည်။

ဤသို့ ဆင်းတုတော် ကြီးအား စင်္ကာပူ သို့ ပင့်ဆောင် ပူဇော် နှိုင်ခြင်းမှာ ထေရဝါဒ ဗုဒ္ဓ သာသနာ ပြန့်ပွားရေး တွင် ထူးခြားသော အောင်မြင် မှုကြီး ဖြစ်ပါသည်။ စင်္ကာပူ နိုင်ငံ ရှိ ဗုဒ္ဓ ဘာသာ ဝင်များ၏ ပံ့ပိုး ကူညီမှု များ နှင့် ဦးကျော်ဂေါင် ၏ မြတ်ဗုဒ္ဓ အပေါ် မမှိတ် မသုံ ယုံကြည်ခြင်း၊ စိတ်အား ထက်သန်ခြင်း၊ ကိုယ်စွမ်း ဉာဏ်စွမ်း ဇွဲ လုံ့လ ဝီရိယ စိုက်ထုတ် ကြိုးပမ်း လုပ်ဆောင်ခြင်း တို့မှာ ဤ အောင်မြင်မှုကြီး ၏ အကြောင်း ရင်းခံ ဖြစ်ပါသည်။

ဘုရားကြီး ဒကာ ဦးကျော်ဂေါင် သည် အသက် ၆၉ နှစ် အရွယ်၊ ၁၉၃၅ ခုနှစ် တွင် ဘဝ တစ်ပါးသို့ ပြောင်းရွှေ့ သွားခဲ့ ပါသည်။